လူသိနည်းနေသေးတဲ့ ကြီးထွားဟော်မုန်းတွေရဲ့ အခန်းကဏ္ဍ
မွေးစကနေ အရွယ်ရောက်တဲ့ထိ ခန္ဓာကိုယ်က တဖြည်းဖြည်း ကြီးထွားဖွံဖြိုးလာရတာကို လူတိုင်းအသိပါပဲ။ အဲဒီလို ကြီးထွားဖွံဖြိုးဖို့အတွက် ကြီးထွားဟော်မုန်းတွေက အရေးပါပါတယ်။
ကြီးထွားဟော်မုန်းတွေကို ထုတ်ပေးတာကတော့ ဦးနှောက်ရှိ ပီကျူထရီဂလင်းကပါ။ ပီကျူထရီဂလင်းရဲ့ အရှေ့ဘက်ခြမ်းကနေ သွေးကြောထဲကို ကြီးထွားဟော်မုန်းတွေ ထုတ်လွှတ်ပေးပါတယ်။
ကြီးထွားဟော်မုန်းတွေရဲ့ တာဝန်…
- ကလေးငယ်တွေရဲ့ ခြေ၊ လက်နဲ့ ခါးဆစ်ရိုးတွေက Epiphysis လို့ခေါ်တဲ့ အရိုးနုလေးတွေ ရှည်လျားပြီး အရပ်ရှည်လာကာ အရိုးအဆစ်တွေ ကြံ့ခိုင်ဖို့ ကြီးထွားဟော်မုန်းက လုပ်ဆောင်ပေးပါတယ်။ အဆိုပါအရိုးနုလေးတွေက ဂဟေဆက်သလို ပေါင်းစပ်သွားတဲ့အခါ အရပ်လည်း ဆက်မရှည်နိုင်တော့ပါဘူး။
- ကြီးထွားဟော်မုန်းဟာ လူကြီးတွေမှာ အရိုးတွေရှည်ပြီး အရပ်ရှည်စေဖို့ မတတ်နိုင်တော့ပေမယ့် ခန္ဓာကိုယ်တည်ဆောက်မှုပုံစံနဲ့ သွေးတွင်းသကြားဓာတ်ထိန်းညှိမှု အပါအဝင် တချို့သော ဇီဝကမ္မလုပ်ငန်းတွေမှာ ကူညီပေးပါတယ်။
ကြီးထွားဟော်မုန်းထွက်ရှိမှုကို ဦးနှောက်ရှိ ဟိုက်ပိုသဲလ်မက် အစိတ်အပိုင်းကနေ ထုတ်လုပ်ပေးတဲ့ တခြားဟော်မုန်း နှစ်မျိုးက ထိန်းချုပ်ပေးထားပါတယ်။ Growth Hormone-releasing Hormone က ပီကျူထရီဂလင်းကနေ ကြီးထွားဟော်မုန်းတွေ ထွက်ရှိစေဖို့ လှုံ့ဆော်ပေးပြီး Somatostatin ဟော်မုန်းက ကြီးထွားဟော်မုန်းတွေ မထွက်ရှိအောင် တားဆီးပါတယ်။ ကြီးထွားဟော်မုန်းတွေ အများဆုံးထွက်ရှိတဲ့ အချိန်ကတော့ အပျိုဖော်၊ လူပျိုဖော်ဝင်တဲ့ အချိန်ပါ။
- အိပ်ရေးဝတဲ့အခါ
- လေ့ကျင့်ခန်း လုပ်တဲ့အခါ
- သွေးထဲမှာ သကြားဓာတ်နည်းနေတဲ့အခါနဲ့
- ရုတ်တရက် စိတ်ဖိစီးမှုတွေ များတဲ့အခါ ကြီးထွားဟော်မုန်းတွေ ပိုမိုထုတ်လုပ်တတ်ပြီး
- ကိုယ်ဝန်ဆောင်နေတဲ့အခါ
- နာတာရှည်စိတ်ဖိစီးမှု ခံစားနေရတဲ့အခါနဲ့
- သွေးထဲမှာ ကြီးထွားဟော်မုန်းတွေ များပြားနေတယ်လို့ ဦးနှောက်က ထင်တဲ့အခါတွေမှာ ကြီးထွားဟော်မုန်း ထုတ်လုပ်မှု လျော့နည်းတတ်ပါတယ်။
ကြီးထွားဟော်မုန်းလွန်ကဲတဲ့အခါ…
အရွယ်မရောက်သေးတဲ့ ကလေးတွေမှာဆိုရင် (တစ်ချိန်က နာမည်ကျော် ဇီးကွက်စိန်လို) အရပ်အရမ်းရှည်ပြီး လူကောင်အကြီးကြီးတွေ ဖြစ်တတ်ပါတယ်။
အရွယ်ရောက်ပြီးသား လူကြီးတွေမှာဆိုရင် ခြေလက်တွေ တုတ်ခိုင်ပြီး မျက်နှာကြီး ထူအမ်းအမ်းဖြစ်လာတာနဲ့ ကိုယ်တွင်းကလီစာတွေ ကြီးမားလာပြီး နှလုံး၊ သွေးတိုး၊ ဆီးချိုတွေ ဖြစ်လာနိုင်ပါတယ်။
ကြီးထွားဟော်မုန်းလွန်ကဲမှုရဲ့ ၉၉% က ပီကျူထရီဂလင်းမှာ ကင်ဆာမဟုတ်တဲ့ အကျိတ်ဖြစ်တာကြောင့်ပါ။
ကြီးထွားဟော်မုန်းချို့တဲ့တဲ့အခါ…
ကလေးတွေဟာ ကြီးထွားမှုမရှိဘဲ လူကောင်သေးသေးလေးတွေ ဖြစ်နိုင်ပြီး လူကြီးတွေဆိုရင်တော့ နေထိုင်မကောင်းတာ၊ အဆီတွေစုလာတာ၊ နှလုံးကြွက်သားနဲ့ အရိုးတွေ အားမရှိတာတွေ ဖြစ်ပါလိမ့်မယ်။
ကြီးထွားဟော်မုန်းချို့တဲ့တာဟာ မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်သလို ဦးနှောက်ကို ထိခိုက်ဒဏ်ရာရတာ၊ ပီကျူထရီအကျိတ်ဖြစ်တာ၊ ဦးနှောက်ခွဲစိတ်ကုသမှု သို့မဟုတ် ဓာတ်ရောင်ခြည်ကုသမှု လုပ်စဥ် ပီကျူထရီဂလင်းကို ထိခိုက်မိတာတွေကြောင့် ဖြစ်တတ်ပါတယ်။
ကလေးတွေမှာရော၊ လူကြီးတွေမှာပါ ကြီးထွားဟော်မုန်းက အရေးကြီးတဲ့ ဟော်မုန်းပါ။ အကယ်၍ ကြီးထွားဟော်မုန်း လွန်ကဲတဲ့၊ ချို့တဲ့တဲ့ လက္ခဏာတွေ ရှိခဲ့ရင်လည်း အကြောင်းရင်းကို ရှာပြီး ကုသနိုင်ဖို့ လိုအပ်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်